Sabtu, 5 Julai 2014

ပန်းခရေချစ်သူ

ဒါ...
ရင့်မှည့်နေတဲ့ သစ်သီးတစ်လုံး
အညှာမခိုင်ပဲ ဖြုတ်ခနဲ
ကြွေကျခဲ့တာမဟုတ်ဘူး ။

တေးသွား နောက်ဆီမှ
တီးလက်စ ဂစ်တာငယ်ဆီက
ဒေါင်ခနဲ မြည်သံနဲ့အတူ
ကြိုးပြတ်ခဲ့တာလဲမဟုတ်ဘူး။

ဟိုး .......
အနက်ရောင် ကောင်းကင်ထက်က
မပီပြင်ဝိုးတ၀ါးမြင်နေရတဲ့
ကြယ်တာရာ နက္ခတ်တွေ
တစ်ရွေ့ရွေ့ ပျောက်ဆုံး
ကမ္ဘာကြီး  ပျက်သုန်းသွားသလို
ငါ ဆုံးရှုံးခဲ့ရတာပါ။

အရာရာတိုင်းကို နာကျင်ရူးသွပ်
စစ်ရှုံးသူ သုံးပန့်တစ်ယောက်လို
စိတ်ဓာတ်တို့ ကျဆင်း
အဝေးပြေးလမ်းမပေါ်က အပြေးသမားပမာ
မောဟိုက် အားအင် နဲ့နေပေမယ့်
ဟန်ဆောင်ခြင်း ထိန်းချုပ်ခြင်းနဲ့
ငါ  အရှင်လတ်လတ် ငရဲကျနေခဲ့တာပါ။

ကံဇာတ်ဆရာရဲ့ ကြိုးဆွဲရာအတိုင်း
ကကြိုးကကွက်မပျက် အောင် သရုပ်ဆောင်
မင်းနဲ့ ငါ့ရဲ့ ရင်ကွဲဇာတ်လမ်း
အလွမ်းနာကြောင့်
အသဲတွေ တဆတ်ဆတ်တုန်
ခြေလက်တွေ တစ်ပိုင်းထိ အေးစက်
င့ါရင်ခွင် ကမ္ဘာတစ်ခုလုံး
ပျက်စီးသွားခဲ့လဲ

အချစ်ဆိုတာ မင်းအတွက်
ချိုချဉ်ကို အခွံနွှာစားသလိုမျိုး
လွယ်ကူကျွမ်းကျင်မှန်းမသိခဲ့တော့
ချစ်မိခဲ့သူ ငါ့မှာ ..

အနှိုင်းမဲ့ ကံဆိုးခဲ့သူပါ။

http://soehtetpaing.blogspot.com

http://soepaingzzz.blogspot.com

Tiada ulasan:

Catat Ulasan